ရွာမှာ တောင်သူလုပ်တဲ့ကျုပ်ရဲ့ ဘကြီးတစ်ယောက်ဗျာ။တစ်နေ့ မနက်က မဲနှိုက်လို့ရထားတဲ့ထောင့်ငါးရာတန်ဖုန်းနဲ့ဆက်ပြီး ဒီနှစ်မိုးခေါင်တဲ့ အကြောင်းကို နတ်သံနှောပြီး ညည်းသွားလိုက် တာ။ သူတို့နယ်မှာ ဒီနှစ်မိုးဦး ခေါင်လို့ အခုထိထွန်မချရသေးဘူးဆိုပဲ။ ဟိုတစ်လောကတော့ မိုးတွေရက်ဆက်ပဲရွာတော့မယ် ထင်တာနဲ့ သူတို့တောင်သူတွေလည်း ထွန်ရေးငင်လိုက်ကြတာ အခုမိုးက ဆက်မရွာတော့ ထွန်ထားတဲ့
မြေစိုင်ခဲတွေလည်းမာပြီး အက်ကုန်၊ ကွဲကုန်ပြီတဲ့။
ကျုပ်ကလည်း နှစ်သိမ့်ပါ တယ်။ ‘‘ဘကြီးတို့အောက်ပြည် အောက်ရွာ ပင်လယ်နားနီးတဲ့သူ တွေက မိုးဦးခေါင်တာကိုများ စာ ဖွဲ့နေသေးရဲ့။ အထက်အညာဆီ မှာများဆို တချို့နေရာတွေမှာ အခုထိ မိုးမရွာသေးဘူးခင်ဗျ။ ဒါ ကြောင့်ပဲ ဟိုရက်ပိုင်းသတင်းတွေ ထဲမှာ မိုးခေါင်တဲ့အရပ်က တောင် သူတွေခမျာ ‘လွန်ဆွဲ’နေရတာ ဓာတ်ပုံနဲ့တကွပဲ’’လို့ ပြန်ပြောရ တယ်။ ဘကြီးက ကျုပ်ပြောတာ တစ်ချိန်လုံး ငြိမ်နားထောင်ရင်းနဲ့ အေးကွာ ရာသီတွေကလည်း ဖောက်ပြန်တတ်ရန်ကောလို့သာ တစ်ချက်ညည်းရှာတယ်။ ဒီနှစ် စပါးအထွက် မကောင်းလို့က တော့အမတော်ကြေးကို အချိန် မီပြန်ဆပ်နိုင်မှာမဟုတ်ဘူးမောင် လို့လည်း ပြောသွားပါသေးတယ်။
အေးဗျာ။ ကျုပ်တို့ တောင် သူလယ်သမားတွေမှာလည်း သနားစရာခင်ဗျ။ တစ်ဖက်မှာ မထင်ရင်မထင်သလို လယ်ယာ အသိမ်းခံရတဲ့ ဒုက္ခကလည်း မသေးလှဘူး။ အသိမ်းခံမထိလို့ ရှိစုမဲ့စု မိဘလက်ငုတ်လက်ရင်းနဲ့ လုပ်ကိုင်စားသောက်ရတဲ့တောင် သူလယ်သမားတွေကျတော့လည်း ရာသီဥတုက တစ်နှစ်တခြားမမှန်လာလိုက်တာ။ အခုဆိုရင် စိုက်သင့်ပျိုးသင့်တဲ့အချိန် ကပ်နေတာတောင်မိုးကခေါင်နေသေးတော့ သိပ်ခက်နေရပြီ။ ဒါက မိုးဦးကျပဲရှိသေးတာ။ နောင်စိုက်ပျိုးဖြစ်ထွန်းပြီးလို့ ရိတ်သိမ်းချိန်ကျရင်လည်း ဥတုရာသီက ဘယ်လိုဖောက်ဦးမယ်မသိဘူးရယ်။
ရှေးတုန်းကတော့ နွေ၊ မိုး၊ ဆောင်းဆိုတဲ့ ဥတုသုံးလီမှာ သူ့ ရာသီနဲ့သူ မှန်မှန်ကန်ကန်ရှိခဲ့ပုံပါ ပဲ။ ဒါကြောင့် မြန်မာတောင်သူ လယ်သမားတွေဟာ အလုပ်လုပ် တော့မယ်ဆိုရင် ရာသီဥတုကိုမှန်း ဆပြီး သင့်ရာလုပ်ကြတာပေါ့ဗျာ။ အခုခေတ်လို မိုးလေဝသဌာနဆို တာတွေ၊ ဘာတွေလည်း မပေါ် သေးဘူးမို့လား။ နို့ပေတဲ့ သဘာဝ က သူ့ဟာနဲ့သူ ဟန်ချက်ညီနေ တာဗျ။ ကျုပ်တို့ဆီမှာ မိုးတစ် ဆယ့်နှစ်ပါး အလင်္ကာဆိုတာ တောင်မှ ဟောသလိုရှိပါသေးရဲ့။
(၁) တန်းခူးမည်မှတ် ဖက် ဆွတ်ရေတိုးသင်္ကြန်မိုး၊ (၂) ကဆုန်လတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့၊ (၃) နယုန်မိုးသေး၊ မြက်သားမွေး၊ (၄) ဝါဆိုလပြောင်း မိကျောင်းဖွေးဖွေး မိုးအေးအေး၊ (၅) ဝါခေါင်တကြောင်း ထနောင်း ကြောင်ခြစ် ဆူးရစ်ပွင့်ကာ မိုးမရွာ၊ ရွာပါသော်လည်း မိုးမစဲ၊ (၆) တော်သလင်းတိမ်ညို၊ စဖို ဆင်းရဲ မိုးတဖွဲ၊ (၇) သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး၊ (၈) တန်ဆောင်မုန်းတွင်း ဆီးနှင်းတဖြိုက်မိုးတလှိုက်၊ (၉) နတ်တော်ရောက်ငြား မိုးသားမငြိမ် ဆင်ရာတိမ်၊ (၁၀) ပြာသိုချမ်းပြင်းဆီးနှင်းရောယှက်နှမ်းပုံဖျက်၊ (၁၁) တပို့တွဲ၊ နွှဲရာခြင်း၊ သန်မိုးကြွင်း၊ (၁၂) တပေါင်းလည်းကူး မိုးသားကြူးဆိုပြီး ကျုပ်တို့စာထဲမှာ ရွတ်ခဲ့ဖတ်ခဲ့ရပါသကောဗျာ။
အခုတော့ သိတော်မူကြတဲ့ အတိုင်းပါပဲ။ မိုးလည်းမမှန်၊ ဆောင်းလည်းမပီသလို နွေကျ တော့လည်း ပူချက်ကရက်စက်ဆို သလို ဖြစ်ကုန်နေပြီကိုး။ ရှေးက မြန်မာတောင်သူတွေက အထက် ပါ အလင်္ကာပါအတိုင်း ရာသီကို နှိုင်းချိန်ပြီးစိုက်ကြ၊ ပျိုးကြတာပဲ ခင်ဗျ။ အဲ.. သူခိုးနဲ့ မိုးအစိုးမရ ဆိုသဟာလို ရာသီဖောက်ပြန်ရင် တော့ သူတို့တုန်းကလည်း ခံရ တာပါပဲဗျာ။ ဒါနဲ့ဆက်စပ်ပြီး ကျုပ်လည်း ကျည်းကန်ရှင်ကြီး မေတ္တာစာတွေထဲမှာပါတဲ့ စာတစ် ပုဒ်အမှတ်ရလို့ ဖော်ပြချင်ပါသေး ရဲ့။ ရာသီမမှန်တဲ့အခါ တောင်သူ တို့ခမျာဘယ်လောက်ဒုက္ခရောက် ရတယ်ဆိုတဲ့အကြောင်းပါ။ စာထဲ မှာတော့ လင်းဆွဲရွာနေ ငွေရှာ မောင်ကြော့က အိမ်နေဇနီးထံသို့ ပေးသော မေတ္တာစာလို့ခေါင်း တပ်ပြီး ဟောသလိုရေးတာတွေ့ ရပဗျာ။
‘‘အောက်ပြည်ရပ်ခွင်ဝယ် ကြာတင်သည့်အရာမှာ ပမာစကား၊ အလားတူဆိုရလျှင် ကဆုန်ကို မိုးဖျန်း၊ နယုန်ကို မိုးမရွာ၊ ဝါဆိုကို မိုးရှောင်၊ ဝါခေါင်ကို မိုးရှင်း၊ တော်သလင်းကို မိုးလွတ်၊သီတင်းကျွတ်ကို မိုးသုဉ်း၊ တန်ဆောင်မုန်းကို မိုးနေ၊ ပျိုးပင်သေ၍၊ ရေစာမပေါ်၊ နတ်တော်အလု၊ရာသီနုတွင်၊ ကျွေးဥလည်းတုံး၊သမုန်းလည်းကုန်၊ ခံချုံလည်းဖြူ၊ ခတူလည်းရှင်း၊ ဗန့်ဂျီတွင်းမှာ၊ ပြောင်းခင်းလည်း မအောင်၊ ဝမ်းစာချောင်ကြ၍၊ ယောင်တောင်တောင် ကြောင်တက်တက်၊ မောင်းကျောက်မှန်သည့် ကြက်ကဲ့သို့’’ပါတဲ့။
အနှာ စာအလင်္ကာကတော့ မိုးခေါင်လို့ တောင်သူတွေဒုက္ခ ရောက်ရတဲ့အကြောင်း ကျည်း ကန်ရှင်ကြီးက လက်စောင်းထက် စွာရေးခဲ့တာပါပဲ။ အခုကာလ ဘစီတို့ရဲ့ တောင်သူများလည်း မိုးခေါင်တာကြောင့် ပြောင်းခင်း မအောင် ဝမ်းစာချောင်ကြ၍ ယောင်တောင်တောင် ကြောင် တက်တက်နဲ့ မောင်းကျောက်မှန် တဲ့ ကြက်လိုဖြစ်နေတာ နှစ်တွေ နည်းရော့လား။ နို့ပေတဲ့ ဒီခေတ် မှာ ပိုဆိုးလာချက်က ပြောင်းခင်း မအောင်ရင် ဝမ်းစာချောင်ရုံတင် မက အမတော်ကြေးလည်းမဆပ် နိုင်၊ စိုက်ပျိုးစရိတ်လည်း မကျေနဲ့ အစိုးရမင်းများဆီမှာ လယ်ကို ထိုးအပ်ရမယ့်ခေတ်မျိုးခင်ဗျ။
ဒါပေသိ ကျုပ်တို့ရဲ့ အဘိုး အဘွားများခေတ်ကတော့ ဥတု ရာသီဟာ အတော်မှန်ခဲ့သေးပုံပါ ပဲ။ ဘစီတို့ ရွာထိပ်မှာ ပိတောက် ပင်ကြီးရှိတယ်။ အဲဒီပိတောက် ပင် တန်ခူးလဆို ပိတောက်တွေ ပွင့်ပြီ။ သူပွင့်ပြီး သိပ်မကြာဘူး မိုးရွာလာတော့တာဆိုပဲ။ ရွာက လယ်သမားများအတွက်တော့ အနှီပိတောက်ပင်ဟာ ပြက္ခဒိန် ခင်ဗျ။ ရာသီမသိ ပန်းနဲ့ညှိဆိုသလိုပေါ့လဗျာ။ ကျုပ်တို့ခေတ်ကျတော့အဲဒီပိတောက်ပင်က အချိန်မှန်မပွင့်တော့ဘူး။ မိုးလည်း အချိန်မှန်မရွာတော့ဘူး။ အဲဒါ ကျုပ်အဘိုးများပြောတာတော့ အခုခေတ်လူတွေ သစ္စာခေါင်းပါး၊ ကိုယ်ကျင့်တရားပျက်လာကြလို့ ရာသီမမှန်တာတဲ့။ ခေတ်ကလည်း လူဆိုးသူခိုးများတယ်ပေါသကိုးဆိုပဲ။
အမှန်တော့ ဗုဒ္ဓစာပေတွေ ထဲမှာ မိုးရွာရခြင်းအကြောင်း ရှစ် ပါးနဲ့ မိုးမရွာကြောင်း ငါးပါးဆို တာလည်း ရှိသဗျ။ အဲဒါကို ရှေး က လူကြီးသူမတွေက လွှတ်ယုံ တာ။ ဒါကြောင့် အခုခါ မိုးမရွာလို့ လွန်ဆွဲနေကြတဲ့ ကျုပ်တို့မြန်မာ ကျေးတောနေတောင်သူများ စဉ်း စားလို့ရအောင် ဖော်ပြပါရစေဦး ဗျာ။ ပထမဆုံး မိုးရွာခြင်း အကြောင်း ရှစ်ပါးမှာ (၁) နဂါးတို့အာနုဘော်ကြောင့် မိုးရွာခြင်း၊ (၂) ဂဠုန်တို့ရဲ့ အာနုဘော် ကြောင့် မိုးရွာခြင်း၊ (၃) နတ်တို့ အာနုဘော်ကြောင့် မိုးရွာခြင်း၊ (၄) သစ္စာတရားကြောင့် မိုးရွာ ခြင်း၊ (၅) ဥတုအစွမ်းကြောင့် မိုး ရွာခြင်း၊ (၆) မာရ်နတ်လှည့်ပတ် ၍ မိုးရွာခြင်း၊ (၇) တန်ခိုးရှိသူတို့ ရဲ့ အာနုဘော်ကြောင့် ရွာခြင်းနဲ့ (၈) ကမ္ဘာပျက်လိုသောကြောင့် ရွာခြင်းတို့ပါတဲ့။
အဲ.. မိုးမရွာရခြင်းအကြောင်း တရားငါးပါးကတော့ဗျာ (၁) အထက်ကောင်းကင်မှ တေဇော ဓာတ်ပျက်၍ မရွာခြင်း၊ (၂) လေ တိုက်ခြင်းပျက်၍ မရွာခြင်း၊ (၃) အသူရိန်နတ်ကြီး လက်ဝါးဖြင့်ခံ၍ သမုဒ္ဒရာသို့ သွန်ပစ်သဖြင့် မရွာ ခြင်း၊ (၄) မိုးနတ်သားတို့ မေ့ လျော့မှုကြောင့် မရွာခြင်းနဲ့ (၅) လူတို့ တရားမစောင့်ကောက်ကျစ် ယုတ်မာမှုကြောင့် မရွာရခြင်းတွေ ဆိုပဲ။ ဒီလိုရှေးစာပေထဲက အယူ အဆတွေနဲ့ တင်ပြလာလို့ ဘစီ တစ်ယောက်ဖြင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းပြောသလို တစ်နေ့ ကျပ်နှစ်ထောင်နဲ့လောက်အောင် မစားနိုင်တာကြောင့် ဝမ်းချောင် ပြီး ကြောင်တောင်တောင် ယောင် တက်တက်နဲ့ ဓာတ်ပျက်သွားပြီ လို့ အထင်မစောပါနဲ့ခင်ဗျာ။ မိုးခေါင်တာ အနှာလိုသောအကြောင်းများကြောင့်လည်း ဖြစ်နိုင်တာပဲလို့ ရှေးစာတွေကို ရှာဖွေကိုးကားကာ အစိုးရမင်းများကို အပြစ်ပြောဖို့ရာ သိုင်းဝိုင်းနေတာပါရယ်။ ဟဲ.. ဟဲ။
မိုးခေါင်တာဟာ လူတွေ အကျင့်သီလဖောက်ပြန်ကြလို့ဆို တဲ့ အတွေးအမြင်ကတော့ ကျုပ် တို့ မြန်မာလူမျိုးအတော်များများ ရဲ့ စိတ်ထဲမှာရှိပြီးသားပါ။ ဒါနဲ့ ဆက်စပ်ပြီး ရှေးလူကြီးများ ပြော ကြတာက ဟိုတုန်းက နွေအခါ ကောင်းကင်ယံတိမ်လိပ်တွေမှာ မိုးရွာမယ့် တိမ်မည်းညိုများကို ကြက်မတစ်ဝပ်စာပဲ တွေ့ရစေဦး၊ လူတွေဟာ ဘုရင့်ကို တရားစွဲလို့ ရသတဲ့။ ဘယ့်နှာကြောင့်ဆို ဒီလို ရာသီမမှန်တာဟာ တိုင်းပြည် အုပ်ချုပ်တဲ့ ပြည့်ရှင်မင်းဟာ တရားနဲ့အညီ မကျင့်လို့ပါတဲ့။ အလားတူပဲ။ ရွာသင့်တဲ့အခါ မိုးမရွာတာဟာလည်း ရှင်ဘုရင်အကျင့်တန်တာကြောင့်ပဲဆိုပြီး လူထုက စွဲမှတ်ထားတာပဲ။ ဘုရင်က အကျင့်ကောင်းပြီး သစ္စာတည်ကြည်မယ်ဆိုရင် အနှီတိုင်းပြည်ဟာ ရာသီဥတုမှန်ကန်မျှတသတဲ့။
ကျုပ်ကတော့ အဲဒါတစ်ခုကို သဘောကျတယ်ဗျာ။ ဘာကြောင့် ဆို ယောမင်းကြီး ဦးဘိုးလှိုင်က လည်း သူ့ရဲ့ ရာဇဓမ္မသင်္ဂဟကျမ်း ထဲမှာ ကတိသစ္စာမတည်မကြား၊ မဟုတ်မှန်သောစကားကို ပြော ဆိုတတ်သော မင်း၏နိုင်ငံသည် မြေဩဇာမရှိဘူးတဲ့။ မြေဩဇာဆို တဲ့အထဲမှာ မိုးမရွာ လေမမှန် ဖောက်ပြန်တာတွေလည်းပါသပေါ့ဗျာ။
အနှီမြေဆီဩဇာမရှိတဲ့ မြေကပေါက်တဲ့ အသီးအနှံ အစားအစာများကို စားသောက်ရတဲ့တိုင်းသူပြည်သားတွေဟာ အာဟာရလျော့ပြီး အနာရောဂါထူလာမယ်။ ရောဂါထူပြောလာလို့ ဆေးကုမယ်ဆိုတော့လည်း ဩဇာမရှိတဲ့မြေကပေါက်တဲ့ ဆေးမြစ်ဆေးဥတွေနဲ့မို့လို့ အာနိသင်မရှိဘူး။ ဒါကြောင့် လူသေမယ်။
ဒါတင်မက မိုးခေါင်ရေရှား နဲ့ မြေဩဇာမရှိတဲ့အတွက် တိုင်း သူပြည်သားလယ်သမားတွေဟာ သီးနှံမဖြစ်ထွန်းတာကြောင့် သဿမေဓ အခွန်အတုတ်မှန်မှန် မဆက်နိုင်တော့ဘူး။ အခွန်မရ တော့ အစိုးရမင်းများဟာ မှူးမတ်ရဲမက်တွေကို လစာရိက္ခာလုံလောက်အောင် မပေးနိုင်ဘူး။ ဆိုတော့ ဝန်ထမ်းလည်း တိုင်းပြည်ဝန်ကို ကောင်းကောင်းမထမ်းနိုင်ဘူး။ အခုခေတ်ဆိုရင်တော့ လာဘ်စားကြမယ်ပေါ့လဗျာ။ တိုင်းပြည်မှအင်အားမရှိတော့ ရန်သူနှိပ်စက်တာခံရမှာပေါ့ဆိုပြီး ယောမင်းကြီးက ကောက်ချက်ချသဗျ။ ဆိုတော့ကာ ဒီအကြောင်းဟာ တိုင်းပြည်မှာ မိုးလေဝသမမှန်ခြင်းကနေစတာပဲ။ မိုးလေဝသဘာကြောင့်မမှန်လဲ။ ဘုရင်လုပ်တဲ့သူက သစ္စာမတည်သလို ဟုတ်မှန်တဲ့စကားမပြောကြားလို့တဲ့ဗျာ။
သို့ကလို ဖြစ်တာကြောင့် အထက်မှာ ရှေးလူကြီးများ ယုံကြ တဲ့ မိုးလေဝသဖောက်ပြန်တာဟာ မင်းမှာကတိ၊ လူမှာသစ္စာဆို သဟာများ မတည်ကြတာကြောင့် ဆိုတာ ဟုတ်ဖွယ်ရာရှိတာပေါ့ ဗျာ။ ဒါကြောင့် အခုခါ ကျုပ်တို့ တိုင်းပြည်မှာ မိုးခေါင်နေတာ၊ ရာသီတွေမမှန်တော့တာ၊ သဘာဝ ပတ်ဝန်းကျင်ဟာအတိုင်းအဆ မဲ့ပျက်စီးနေတာတွေဟာ ဘယ် သူကြောင့်ဆိုတာ ကိုယ့်လူများ စဉ်းစားကြည့်ပေါ့ဗျာ။
သိကြတယ်ဟုတ်။ အကြောင် ရှာတော့ ခေါင်းဆောင်တဲ့ ပြည့်ရှင်မင်းမှာလည်းအပြစ် မကင်းဘူး။ ဒါကြောင့် ဟိုတုန်းကလို ရာသီဖောက်ပြန်တာဟာ မင်းနဲ့ အစိုးရတွေ ကတိသစ္စာမတည်ကြတာကြောင့်လို့ ယူသော်ရ၏ခင်ဗျ။ ဒီခေတ်မှာ မဟုတ်မှန်သောစကား ဘယ်သူ တွေဘယ်လောက်ပြောတယ်ဆိုတာ လူထုကြီးအသိဆုံးပဲဟာ။ ပြောလိုက်သမှ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး မရိုးနိုင်အောင်ပါပဲ။ ဒီကြားထဲမှာ မဟုတ်တမ်းတရား ဟာသစကားတွေကလည်း ပေါ်လာသေးရဲ့။
ဒါကြောင့် တစ်နိုင်ငံလုံးက ဘစီတို့ရဲ့ ကျေးဇူးရှင်တောင်သူ ဦးကြီးများခင်ဗျား.. မိုးခေါင်လို့ များတော့ ‘လွန်ဆွဲ’မနေပါနဲ့တော့။ ဆွဲရလွန်းလို့ လက်လည်းညောင်း လှပေါ့။ အခုတစ်ခါ ရှေးနည်း အစဉ်အလာနဲ့ တစ်မျိုးပြောင်းပြီး ပြည့်ရှင်မင်းကိုသာ မိုးခေါင်တာ နင့်ကြောင့်ဟာဆိုပြီး တရားတပေါင်စွဲကြည့်ပါလားဗျ။ အဲ.. ပြည့်ရှင်မင်းဆိုတာ ဒီခေတ်လိုဆို သမ္မတအဆင့်ဖြစ်မှာပေါ့လေ။ ကျုပ်အမြင်ပြောတာပါ။ မိုးရွာဖို့ သမ္မတကို တရားစွဲကြစို့ဆိုပြီး လယ်သမားတွေ လက်မှတ်ထိုးတောင်းဆိုတဲ့လှုပ်ရှားမှုလေးများ လုပ်လိုက်ရင် မကောင်းပါလားဗျာတို့ရာ။
(ဖော်ပြပါသရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်။)
7day

0 comments: